Basic Democracy Training – Burmese Version by Salai Kipp Kho Lian

ပင်လုံသို့ တကျော့ပြန်ခရီး

Comment ရေးရန် (no comment)

ပင်လုံခရီးသည်
ကျွန်တော်တို့ နိုင်ငံ ရဲ့မြေပုံကိုကြည့်ရင် လှတာကတော့မပြော နဲ့ ဘယ်နိုင်ငံနဲ့ မှမတူဘူး။ တမူထူးခြားစွာကို လှတယ်လို့ဆိုရမှာပဲ။

ဒါတင်ပဲလား။ နိုင်ငံရဲ့မြေပုံ ကိုအသေအခြာကြည့်လိုက်စမ်းပါ။ အထက်ကနေအောက်ဖက် ကို မြောက်ဖက်ကနေ တောင်ဖက်ကို စီးဆင်း နေတဲ့ ဧရာဝတီမြစ် နဲ့ ချင်းတွင်းမြစ် မြစ်ညီနောင် နှစ်သွယ် ကိုကြည့်လိုက်ရုံ နဲ့ ဒီ နိုင်ငံဟာ စားနပ်ရိက္ခာ နဲ့ သားငါးအင်မတန် ပေါကြွယ်ဝတဲ့ အပြင် ပိုလျှံ ပြီး ပြည်သူတွေက ဝဝလင်လင် ဖူဖူလုံလုံ နဲ့ စားသောက်နိုင်ကြပြီး အိမ်နီးနားချင်းတွေကိုရော ကမ္ဘာအနှံ့ကိုပါ လယ်ယာထွက်ပစ္စည်း တွေ အလျှံပယ် တင်ပို့ နိုင်လို့ အင်မတန် မှ ချမ်းသာတဲ့ နိုင်ငံဖြစ်ရမယ် လို့ အပိုင်ပေါက် ပြောနိုင်ပါတယ်။

ဒါတင်ပဲလား။ မကသေးပါဘူး။ နိုင်ငံရဲ့ အနောက်ဖက်ခြမ်း၊ မြောက်ဖက်ခြမ်း နဲ့ အရှေ့ဖက်ခြမ်း တခုလုံး ကို လှပပြီး မြင့်မားတဲ့
တောင် ကပါးကြီး တွေ က ကာရံထားလိုက်သေးတယ်။ ကျူးကျော် လာမဲ့ ပြည်ပရန် ကိုကာကွယ်ဖို့ သဘာဝ တရားကြီး က အခိုင်အမာ တန်တိုင်းကြီးတွေနဲ့ ကို ကာစီးပေးထားလိုက်သေးတယ်လေ။ ကြည့်စမ်း ဘယ်လောက် လုံခြုံတဲ့ နိုင်ငံကြီးလဲ။

ဒါတင်ပဲလား။ ဘယ်ကမှာတုံး။ အဲဒီတောင်တန်းတွေပေါ်မှာ အေးအေးလူလူ ငြိမ်းငြိမ်းချမ်းချမ်း နေချင်ကြတဲ့ တောင်ပေါ်သားတွေ နေထိုင်ကြပြန်တယ်။ ဒီတောင်ပေါ်သား တွေ က သူတို့ ရဲ့ ဘာသာစကား၊ သူတို့ ရဲ့ယဉ်ကျေးမှု၊ သူတို့ရဲ့ဒေသပြည်တွေ ကို နှစ်နှစ်ကာကာ ချစ်ကြတာ။

နောက်ထပ် ဘာရှိသေးလဲ။ အဲ ….. အဲဒီတောင်တန်းတွေပေါ်မှာ တိုင်းပြည်အတွက် အဖိုးမဖြတ် နိုင်တဲ့ ကျောက်မျက်ရတနာတွေ သယံဇာတ တွေ အဘိုးတန် သစ်ပင် ပန်းမာလာတွေကလည်း စုံသလားမမေးနဲ့။ ဒီနိုင်ငံမှ မချမ်းသာရင် ကမ္ဘာ မှာ ဘယ်နိုင်ငံချမ်းသာတော့ မှာ တုံးလို့တောင်မေး ရတော့မလိုပါပဲ။

ဟောတခါ၊ အောက်ပိုင်းကိုလဲကြည့် လိုက်ကြပါအုံး။ ပင်လယ်သမုဒယာ က ပြည်ပရန် ကို ကာဆီးပေးထားရုံ မက သူ့ရဲ့ ထွက်ကုန်တွေ ကို ကမ္ဘာ ကိုတင်ပို့ဖို့ တခါးကြီးဖွင့်ပေး ထားပြန်သေးတယ်။ ကောင်းလိုက်တဲ့ တိုင်းပြည်ဗျာ။
ဘုရားသခင်ရဲ့ ကောင်းချီး အဖြာဖြာ နဲ့ ပြည့်စုံတဲ့ နိုင်ငံတခုပေပဲ။ အိမ်နီးချင်း တွေ က မနာလိုဝန်တိုစရာ ကောင်းလှတဲ့ နိုင်ငံပဲဟေ့။

ပြီးတော့ ပိုပြီးတောင်မနာလိုစရကောင်းတာက ဒီနိုင်ငံမှာ ကမ္ဘာပေါ်မှာ အနှစ် တထောင်မှာမှ တယောက်လောက်
နိုင်ငံသား ပြည်သူတွေ ကံကောင်းထောက်မ ပါ မှ ပေါ်ထွန်းလေ့ရှိတဲ့ အမျှော်အမြင် ကြီးမားတဲ့ ခေါင်းဆောင်တယောက်လည်း ပေါ်ထွန်းခဲ့ဘူးသေးတယ်ဗျ။ သူကတော့ အညာသာလေး ကိုအောင်ဆန်းပါ။ သူ့ ကို ပြည်သူတွေက ဗိုလ်ချုပ်အောင်ဆန်းလို့ ချစ်စနိုး ခေါ်ကြတယ်။ ဗိုလ်ချုပ် လို့အဖျားလေးဆွတ်ပြီးလည်းခေါ်ကြတယ်။

ဒီခေါင်းဆောင်က ဘယ်လောက် အမျှော်အမြင်ကြီးသလဲ ဆိုတာကြည့်ရအောင်။ ပင်လုံ ဆိုတဲ့ မြို့လေးတခု မှာ
သူ က တေင်ပေါ်သား တွေနဲ့ပေါင်းပြီး ဒီနိုင်ငံကြီး ကို ရာသက်ပန် ငြိမ်းချမ်းတဲ့ ပြည်ထောင်စုကြီး အဖြစ်ထူထောင် ပေးခဲ့တယ်။ သူကိုယ်တိုင် ကလည်း အဲဒီပြည်ထောင်စု နိုင်ငံသစ်ရဲ့ ပြည်ထောင်စုသားကြီး ဘဝကို ဦးဦးဖျားဖျား ခံယူခဲ့တယ် …..

ဒီတော့ ပြည်ထောင်စုသား ပြည်သူအားလုံး ကလည်းသူ့ကိုချစ်ကြတာပေါ့။

ကြည့်စမ်း နိုင်ငံရဲ့သဘာဝရေမြေတောတောင်တွေ ကကို တော်တော်ကြီး မနာလို စရာ ကောင်းလောက်အောင်ဖြစ်နေပြီ … ဒီကြားထဲ ပြည်သူတရပ်လုံး ချစ်ခင် လေးစား တဲ့ ခေါင်းဆောင်ကောင်းတ ယောက်ကိုပါ ဒီ နိုင်ငံကြီးကမွေးဖွား ပေးလိုက် သေးတာ။

ဒါပေမဲ့ ဒါပေမဲ့ .… ဒီခေါင်းဆောင်ကြီး ကိုသတ်သူကသတ်သွားကြတယ်။ သူမက်ခဲ့တဲ့ ပင်လုံ အိပ်မက် ကိုပါ ဖျက်ဆီးသူကဖျက်ဆီးသွားခဲ့တယ်။ သူထူထောင်ခဲ့တဲ့ ပင်လုံပြည်ထောင်စုကြီး လည်း အဖြိုလှဲ အဖျက်စီး ခံခဲ့ရတယ်။ တိုင်းပြည်ကို ကာရံပြီး အကာအကွယ်ပေးထား
တဲ့တောင်တန်းတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြတယ်။ မြစ်ကြီးတွေ လည်း တိမ်ကောလုမတတ် အဖျက်ဆီး ခံခဲ့ကြရတယ်။

တချိန်က လှပတဲ့တောတွေတောင် တွေ ဟာလည်းမီး တွေ တဟုန်းဟုန် တမြှိက်မြှိက် လောင်ကျွမ်းနေလေရဲ့။

တချိန်က ရွှေဝါရောင်ဝင်းနေခဲ့တဲ့ အလည်ကျောက လယ်တောတွေ လည်းခြောက်သွေ့ ကုန်ပြီ။

စစ်မီးတွေ ဟုန်းဟုန်းတောက်လောင်နေတာလည်း အနှစ် (၆ဝ) ကျော်ခဲ့ပြီ။ ဟိုက် အနှစ် ခြောက်ဆယ်ကျော်ကြီးများ တောင် လားလို့လာမမေးနဲ့။ (၁ဝ) နှစ်မဟုတ်ဘူး၊ ဒီစစ်ပွဲကြီး က၊ အနှစ် (၂ဝ) မကဘူး၊ အနှစ် (၃ဝ) လည်းမရပ်သေးဘူး၊ ရပ်ကြရအောင်လို့ မပြောသေးဘူး၊ ဆက်ပြီးလောင်နေသေးတယ် ဒီစစ်မီး က။ အနှစ် (၄ဝ) ဟော အနှစ် (၅ဝ) ကျော်လာပြီ၊ မရပ်သေးဘူးခင်ဗျ၊ လောင်ကောင်းတုံး။ အခုလည်းကြည့် အနှစ် (၆ဝ) ကျော် လာပြီ နှစ်တွေနှစ်တွေ ရေတွက်လာ ကြတာ၊ ရပ်သွားပြီလား ဒီစစ်ကြီး က။ မရပ်သေဘူးဗျို့။ တိုက်ကြတုံးခိုက်ကြတုံး။ လောင်လိုက်တဲ့စစ်မီး လောင်တုံး မြှိက်ကောင်းတုံးပ။ တိုင်းပြည်လည်း ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစရင်းဝင်တဲ့၊ အံ့ပဗျာ… အံ့ပ။

ကဲကဲကဲ… အညာသားလေး ကိုအောင်ဆန်း ဘာတွေတွေးခဲ့သလဲ၊ ပြန်ကြည့်ရအောင်၊ သူကိုယ်တိုင် ငြိမ်းငြိမ်းချမ်းချမ်း ထူထောင်ပြီး လပိုင်းအတွင်း ပြိုလဲပျက်စီးသွား ခဲ့တဲ့ ပင်လုံပြည်ထောင်စုကြီး ကိုပြန်ကြည့်ရအောင်။ ပြည်သူတွေအားလုံး အတွက် ပင်လုံ လမ်းကလွဲ လို့ လျောက်လှမ်းရမဲ့ လမ်းမရှိတော့ဘူး။ လမ်းပေါင်းစုံပြီ လျောက်ခဲ့ကြတာ။ ပင်လုံခရီး ကိုပြန်သွားကြရအောင်ပါ။

ပင်လုံ ကို ရဲရဲကြည့်ကြစမ်းပါ။ ကိုအောင်ဆန်းရဲ့ ပင်လုံ အတွေးကိုရဲရဲတွေးကြပါ။ ငြိမ်းချမ်းသောပြည်ထောင်စု ဟာပင်လုံ မှာပဲရှိတယ်။ ဘယ်မှာ မှ သွားရှာမနေကြနဲ့။

ပင်လုံ ကိုပြန်သွားကြမယ်ဆိုတာ အတိတ်ကိုပြန်သွားဖို့ပြောနေတာမဟုတ်ဘူး။ အနာဂတ် ကိုသွားဖို့ပြောနေတာ။
ဗိုလ်ချုပ် မျှော်မှန်းခဲ့တဲ့ ပင်လုံပြည်ထောင်စု ကိုပြန်ထူထောင်ဖို့ပြောနေတာ။

ဘာတုံး ဗိုလ်ချုပ်ထူထောင်ချင်တဲ့ ဗိုလ်ချုပ် မျှော်မှန်းခဲ့တဲ့ ပင်လုံပြည်ထောင်စု ဆိုတာ။ ဘယ်လိုပုံစံမျိုးလဲ။ အသေအခြာကြည့်
ရင် ရဲရဲ ကြည့် ရင် မြင်ရမှာ ဖြစ်တယ်။ ရဲရဲ ကြည့် ဖို့ ပြောရတာက တချို့ ကြောက်နေကြလို့ပြောရ တာ။ ခြောက်တဲ့သူကခြောက်တော့ ကြောက်တတ်သူ ကလည်းကြောက် တာပေါ့။ ဒီတော့ အဲဒီ ပင်လုံပြည်ထောင်စုကြီး ကို ရဲရဲကြည့် ကြရအောင်။ မြင်မှ၊ သိမှ ယုံကြည်မှပဲ ပင်လုံ ခရီး ကို ဖြောင်းဖြောင့် ကြီးပြန်လျောက် နိုင်ကြမှာ မဟုတ်လား။

ပင်လုံ ရယ်…….
ဒီမိုကရေစီရယ် ……
ဖက်ဒရယ် ……..
ပြည်ထောင်စုရယ်…….
ငြိမ်းချမ်းရေး ရယ် …….

ဒီလေး ခုစလုံးဟာ တခု နဲ့ တခု ဘယ်လိုမှ ခွဲခြားလို့ မရဘူး ဆိုတာ မှန်ကန် သောသစ္စာတရားတခုပါ။ ပင်လုံ ခရီးဆိုတာ ငြိမ်းချမ်းသောခရီး ပါ၊ ပြည်သူတွေ ကိုချောက်ကြီးထဲပို့မဲ့ခရီးမဟုတ်ပါဘူး။ ကျွန်တော်တို့ လူမျိုး ပေါင်းစုံ ပြည်သူတွေအားလုံး ချစ်ချစ်ခင်ခင် နဲ့ လက်တွဲပြီး ဒီ ငြိမ်းချမ်းသော ပင်လုံခရီး ကိုပြန်လျောက်လှမ်းကြရအောင်ပါ။

နောက် အပတ် မှာ ပင်လုံ ပြည်ထောင် စုရဲ့ အခြေခံအုတ်မြစ် တွေကို ရဲရဲကြီးကြည့် ရင်း ပင်လုံ ခရီး သည်တွေ မကြာတော့တဲ့ အနာဂတ်မှာ မြင်တွေ့ကြရမဲ့ ပင်လုံ ဆိုတဲ့ ငြိမ်းချမ်းရေးပန်းတိုင် ဆီ ကို အတူ တကွ ဆက်လက်လျောက်ကြသေးတာပေါ့။

Play

Posted by Zogamnuam

August 2nd, 2016 at 10:55 pm

Posted in Back to Panglong

Panglong Spirit and Panglong Agreement

Comment ရေးရန် (2 comments)

ပင်လုံစာချုပ် နှင့် ပင်လုံ စိတ်ဓါတ် အပေါ် ဒေါ်အောင်ဆန်းစုကြည် ၏ နိုင်ငံရေး အမြင် အား ဝေဖန် ဆန်းစစ် ခြင်း

Original English Version by Sai Wansai : August 08, 2016 Panglong.org

Translated into Burmese Version by Salai Kipp Kho Lian (Vansangva.com)

ဒေါ်အောင်ဆန်းစုကြည် ၏ အလိုအရ “ပင်လုံ စာချုပ်” သည် အဓိကမကျ။ “ပင်လုံ စိတ်ဓာတ်” သည် သာလျင် ပြည်ထောင်စု မြန်မာနိုင်ငံ ကိုထူထောင်ရန် နှင့် ၁၉၄ဂ ခုနှစ်တွင် ဗြိတိသျှ ထံမှ လွတ်လပ်  ရေး ကို အရယူ  ပေးနိုင်ခဲ့ ပြီး အဓိက ကျသော အချက်ဖြစ်သည်။

လွန်ခဲ့သော ဂျွန် လ နှင့် ဂျူလိုင်လများ တွင် NCA လက်မှတ်ရေးထိုးပြီး သည့် တိုင်းရင်း သားလက် နက်ကိုင် အဖွဲ့ အစည်းများ နှင့် တကြိမ်၊ လက်မှတ်မထိုးသေးသော အဖွဲ့ များ နှင့် တကြိမ် အသီး သီး တွေ့ဆုံခဲ့ကြရာတွင် နှစ် ကြိမ် နှစ်ခါ  စလုံး ဒေါ်အောင်ဆန်းစုကြည်က သူ၏  အဆိုပါ နိုင်ငံရေး အမြင် ကို အတိအလင်းပြောကြားခဲ့သည်။

နို်င်ငံရေး နိုးကြွားမှုမြင့်တက်နေသော တိုင်းရင်းသား အင်အားစု အသိုင်း အဝိုင်း နှင့် ယျထဘူတကျကျ စဉ်းစားတွေးခေါ် သည့် ဗမာ နိုင်ငံရေး လောက တို့ တွင် ဤ ကိစ္စ နှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှု ကိုဖြစ်  စေ သည်မှာ အမှန်ပင် ဖြစ် သည်။

ဒေါ်အောင်ဆန်းစုကြည် သည် ဤကိစ္စ နှင့်ပတ်သက်၍ မည်သို့ တိတိကျကျပြောဆိုခဲ့သည် ကို အနီးကပ် စောကျော  လေ့လာကြည့် ရာ အောက်ပါအတိုင်းတွေ့ ရသည်။

သြဂုတ် လ (၄) ရက်ထုတ် သျှမ်းသံတော်ဆင့်တွင်ဖေါ်ပြချက်အရဆိုလျင် ဂျူလိုင် လ (၁ရ) ရက်နေ့ တွင် UNFC နှင့် ရန်ကုန်တွင်တွေ့ဆုံခဲ့စဉ် က ပင်လုံနှင့်ပတ်သက်ပြီး အောက်ပါအတိုင်း  ပြောဆိုခဲ့သည်ဟု သိရသည်။

”ပင်လုံညီလာခံဆိုတာ ပင်လုံ Agreement အပေါ်မှာအခြေခံမှာ လား။ ပင်လုံစိတ်ဓါတ်အပေါ်မှာ အခြေခံတာလား။ ပင်လုံသဘော တူညီ ချက် ဟာ ယျေဘုယ သဘောဆန်ပါတယ်။ တိတိကျကျရယ်လို့တော့မဟုတ်ပါ ဘူး။ ပြန်ဖတ်ကြည့်မယ်ဆိုရင်တော့ အဓိက ပါနေတာက ကချင်နဲ့ ပတ်သက်တဲ့ဟာ ပါတာပါ ။ တခြားတိုင်းရင်း သားတွေနဲ့စာ လို့ရှိရင်တော့ အပိုဒ် ၅ အပိုဒ် ၆ နဲ့အပိုဒ် ၉ မှာ သေသေချာချာကို ကချင်ဆိုပြီးတော့ ဖော်ပြ ထားတာရှိပါတယ်။ ၈ မှာတော့ ရှမ်းကို ဖော်ပြ ထား ပါတယ်။ ရှမ်းကိုဖော်ပြထားရာမှာ လည်း တကယ်တော့ General  ဖြစ်ပါတယ်။ ဥပမာ (VIII) The arrangements accepted in this Agreement are without prejudice to the financial autonomy now vested in the Federated Shan States.အဲတော့ without prejudice ဆိုတာ အဓိပ္ပါယ်အမျိုးမျိုးဖော်လို့ရပါတယ်။ အဲဒီတော့ ပင်လုံစာချုပ်အတိုင်းသွားမယ်ဆို လို့ရှိရင် တောင်မှ လိုတိုးပိုလျှော့          တွေအများကြီးလုပ်နိုင်တဲ့အခြေအနေရှိပါတယ်။ ဒါဟာကျမတို့အ တွက်ပြဿနာ မဖြစ်နိုင်ပါဘူး။ ပြဿနာက တကယ်ကျမတို့ သဘောတူညီမှုယူချင်တယ် ဆိုလို့ရှိရင် ဘာမှပြသနာမရှိပါဘူး။ ကျမက ပင်လုံစိတ်ဓါတ် လို့ပြော တာဟာ ပူးပေါင်း ဆက်ဆံရေး။ ပူးပေါင်း ခြင်းအားဖြင့်ပေါ့နော်။ ဒါပေမယ့် ကျမ တို့က စိတ်ဓါတ်ဘဲယူရမယ်။ ဒီထဲမှာ ရှမ်း၊ ကချင်၊ ချင်း၊ ဗမာ ပါတယ်။ မွန်မပါ ကယားမပါ။ မပါတာတွေအများကြီးဘဲ။ ဒါကြောင့်ကျမက ပင်လုံ စိတ်ဓါတ်ကို အခြေခံပါလို့ပြောတာ။ ပင်လုံစာချုပ်ကိုအခြေခံမယ်ဆိုရင် ကချင်၊ ချင်း၊ဗမာ၊ ရှမ်း နဲ့ဘဲပြီးသွားရောလားဆိုတာ- မဖြစ်နိုင် ပါဘူး။ နောက် ပင်လုံစာချုပ် ထဲကအတိုင်း လို့မပြောတာဟာ တိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေကို ကန့်သတ် ချင်လို့မဟုတ်ပါဘူး။ ပြောရမယ်ဆိုရင် ပင်လုံစာချုပ်က ကျဉ်းလွန်းလို့ပါ။ ဒါ့ထက်ပိုပြီးတော့ ကျယ်ပြန့်ဖို့ကျမ တို့လိုပါတယ် တကယ့်ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ဆိုလို့ရှိရင်ပေါ့။“

ဒေါ်စုဆိုလိုသည်မှာ ရှမ်းပြည်ထောင်များ နှင့် ချင်း၊ ကချင်တောင်တန်း ဒေသများ သည် ဗမာ နှင့် အတူ လွတ်လပ်ရေး ကို အတူတကွ ရယူရန် ဆုံးဖြတ်ခဲ့သည့် အချက် သည် လွတ်လပ်ရေး ကို ဆောင်ကျဉ်း ပေးခဲ့သည့် အချက် ဖြစ်သည့်အလျောက် ပင်လုံ ဟူသော မြို့ ကလေးတွင် ပင်လုံစိတ်ဓါတ်မွေးဖွားခဲ့ ခြင်းဖြစ်သည်။ ထို့ကြောင့် ပင်လုံ စိတ်ဓါတ်သည်သာ လျင် ပင်လုံစာချုပ်ထက် ပို၍ အရေးကြီး သည် ဟုဆိုလိုယင်းဖြစ်သည်။

နောက်တစ်ချက်ထောက်ပြ ပြောဆိုသွားသည်မှာ ကရင်နီ၊ မွန်၊ ကရင် နှင့် ရခိုင် နှင့် အခြား လူမျိုးများ မပါဝင်ခဲ့ သဖြင့် ပင်လုံစာချုပ်သည် ကျဉ်းမြောင်း နေသည်၊ ပို၍ ကျယ်ပြန့်အောင်လုပ်ရန်လိုအပ် သည်။  ပင်လုံစာချုပ်ကို ပစ်ပယ်ကာ ပိုမိုပြည့်စုံသော စာချုပ်တစ်ခုဖြင့် အစားထိုးရမည်ဟု ဆိုလိုဟန်ရှိ သည်။

စောစောပိုင်း (၂ဂ)ဂျွန် လတွင် လက်မှတ်ရေးထိုးခဲသော အဖွဲ့ (ဂ)ဖွဲ့ နှင့် နေပြည်တော်တွင် တွေ့ ဆုံစဉ်က လည်း အောက်ပါအတိုင်းတိတိကျ ပြောဆိုခဲ့သည်။

“ ပင်လုံညီလာခံဆိုတာဘာကိုပြောလိုတာလဲ၊ ပင်လုံစိတ် ဓါတ်ကို ပြောလိုတာလား၊ စာချုပ် ကို ပြောလိုလား၊ သဘောတူညီချက်ကို  ပြောတာလား လို့ မေးခွန်းတွေမေးလာတာရှိပါတယ်၊ ပထမဦးဆုံး အား ဖြင့်တော့  ပင်လုံစာချုပ်ကိုဘဲ ပြော တာမဟုတ်ပါဘူး။ ပင်လုံစာချုပ်ကအဓိကမဟုတ်ပါဘူး လို့ပြောချင်ပါတယ်၊  ဘာဖြစ်လို့လည်း ဆိုတော့ ပင်လုံစာချုပ်က အဲဒီအချိန်အခါတုန်းကလွတ် လပ်ရေးရဖို့ချုပ်ဆိုခဲ့ခြင်းဘဲ ဖြစ်ပါ တယ်၊ လွတ် လပ်ရေး ကိစ္စနဲ့သက် ဆိုင်ပြီး ချုပ်ဆိုခဲ့ခြင်း ဘဲ ဖြစ်ပါတယ်၊  စာချုပ်ကိုချုပ်ဆိုတဲ့ တိုင်းရင်းသားတွေ ကအားလုံးသိကြတဲ့အတိုင်း အနည်းအကျဉ်းဘဲ ပါတယ်၊ မပါတဲ့သူတွေ က ပင်လုံစာချုပ်အ  ပေါ်အခြေခဲ့ မယ်ဆိုရင်မိမိတို့ တိုင်းရင်းသား လူမျိုးစုတွေ ကိုလစ်လျူရှုထားတာလား လို့မေးစရာဖြစ်လာမယ်။

ဒေါ်အောင်ဆန်းစုကြည်၏ ပင်လုံစာချုပ်အပေါ် သဘောထားအမြင်သည် လူအတော်များများကို စိတ်အနှောက်အ ယှက်ဖြစ်စေခဲ့ပါသည်။ တစ်ချို့ ကလည်း ဒေါ်အောင်ဆန်းစုကြည် ၏ ရပ်တည်ချက်သဘောထား သည် လွတ်လပ်ရေး ရလုဆဲ အချိန် ၁၉၄၇ ခုနှစ် တွင် လုပ်ကြံခံခဲ့ရသည့် သူ ၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း နှင့် ဆန့်ကျင်ဖက်ဖြစ်နေသည့် သဘော အဓိပ္ပါယ်ကောက်ယူ ကြပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄ရ နှစ် ပင်လုံစာချုပ်ချုပ်ဆိုသည့် ကာလတွင် အဓိက ဇတ်ဆောင်ဖြစ်ခဲ့ ပြီး ယင်း ကာလ ကြားဖြတ်မြန်မာ အစိုးရ၏  ကိုယ်စားလှယ်လည်းဖြစ်ခဲ့ပါသည်။

သို့ ဖြစ်သည့် အလျောက် ဒေါ်စု ၏ အမြင်သဘောထားများသည် မည်သည့်အတိုင်းအတာ အထိ  ယျထဘူတကျကျ အဆက်အစပ် ရှိသည် ကို ဆန်းစစ်ရန် လိုအပ်လာပါသည်။

ပထမ အချက်ဖြစ်သည့် ဗြိတိသျှ လက်အောက်မှ လွတ်လပ်ရေး ကို အတူတကွရယူရန်အတွက်  ပူးပေါင်း ခဲ့ ကြ ခြင်းသည် အရေးကြီး သောအချက် တစ်ချက် ဖြစ် သည်မှာ အမှန်ပင်ဖြစ်ပါသည်။ သို့ရာတွင် အပြည့်အဝမှန်ကန် သည်ဟုမဆိုနိုင်ပေ။ ထိုစဉ်ကာလ ပင်လုံ ညီလာခံ တလျောက်လုံးတွင် တောင်တန်းဒေသ ခေါင်းဆောင်များ သည် တစုံတရာ အတိုင်းအတာ တခုအထိ ကြီးမားသော သံသယစိတ် များရှိခဲ့သည်ကို အထင်အရှားမြင်တွေ့ ရပါသည်။ တောင်တန်းဒေသများ အနေနှင့် မိမိတို့ အမှန်တကယ်လိုလားသော တန်းတူ၍ လွတ်လပ်သည့် စစ်မှန်သောပြည်ထောင်စု နိုင်ငံသစ် အစား ဗမာ က ဗြိတိသျှ နေရာကိုဝင်ယူကာ အုပ်စိုးသူ လက်သစ် အဖြစ် တောင်တန်းဒေသ များ အပေါ် တဖက်သတ် စိုးမိုးချုပ်ချယ် လာ မည်ကိုစိုးရိမ်မှု တို့ ရှိနေခဲ့ သည် ကို၎င်း အထင်အရှားမြင်တွေ့ နိုင်ပါသည်။

ဤသို့ သံသယဝင်ကာ စိုးရိမ်ခဲ့ကြသည့် အတိုင်း အမှန်တကယ်ဖြစ်လာသည်ကို ဗြိတိသျှတို့ လက်အောက်မှ လွတ်လပ်ရေးကိုရလာသည့် အချိန်မှ စတင်ကာယနေ့ အထိ ဖြစ်ပျက်နေသော နိုင်ငံရေး ဖြစ်စဉ်များ က သက်သေ ထူပြီးဖြစ်ပါသည်။

ပြည်ထောင်စု မြန်မာ နိုင်ငံ အခြေခံဥပဒေ (၁၉၄၇) တွင် ခွဲထွက်ခွင့် ပုဒ်မပါရှိလာသည်မှာ ဗိုလ်ချုပ်အောင်ဆန်း သည် တိုင်းရင်းသား လူမျိုးများ ၏ စိုးရိမ်မှုများလျော့ပါးအောင် မည်သည့် အတိုင်းအတာ အထိ ဆောင်ရွက်ခဲ့ရသည် ကို ထင်ရှား စေပါသည်။

သို့ဖြစ်ပါသဖြင့် ၁၉၄ရ ခုနှစ် ပင်လုံတွင် ရရှိခဲ့သည့်ပူးပေါင်းမှု ဟူသည်မှာ ဒေါ်စုပုံဖေါ်သကဲ့သို့ သံသယစိတ်များ အကြွင်းမဲ့ ကင်းစင်သည့် ပူးပေါင်း မှု မျိုး မဟုတ်ခဲ့ပါ။ တိုင်းရင်းသားလူမျိုးများ အနေနှင့် ယုံကြည်မှု အပြည့်ဖြင့် တုံးတုံးချ ပူးပေါင်း သည့် သဘောထက် ထိုစဉ်ကာ လ ပကတိ နိုင်ငံရေး အခင်းအကျင်း ၏ ပြဌာန်းချက် သဘော (realpolitik)၊ ကောင်းလှပါသည်ဟု မဆိုသာသည့် တိုင်အောင်၊ ကောင်းတန်ရာ၏ ဆိုသည့်သဘော (calcualated risk) ဖြင့် ပေါင်း စည်းခဲ့ခြင်းသာဖြစ်ပါသည်။ ထိုစဉ်ကာလ တောင်တန်းဒေသမှ ခေါင်းဆောင်ကြီးများ သည် အဆုံးအဖြတ်မှားခဲ့ကြောင်း ယနေ့ အထိဖြတ်သန်းခဲ့ရသော အတိတ်သမိုင်းက သက်သေထူခဲ့ ပြီးဖြစ်ပေသည်။

ဒုတိယအပိုင်း သူပြောသည့် အခြားတိုင်းရင်းသားများပါဝင်ခြင်းမရှိခဲ့ ဟူသည်မှာ ပြည့်စုံလုံလောက်သော အဆိုမဟုတ်သည့် အပြင် လုံးလုံးလျားလျားမှန်ကန်သော အဆိုလည်း မဟုတ်ပေ။ ထိုစဉ် ကာလ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ကြားဖြတ်မြန်မာ အစိုးရ လက်အောက် တွင် တိုက်ရိုက် ရှိနေသော Burma Proper ခေါ် Ministerial Burma ခေါ် ဗမာပြည်မ ဟူသည့် နယ်နိမိတ်တွင် မှီးတင်းနေထိုင်ကြသည် မှာ ဗမာ အပြင် မွန်၊ ကရင်၊ ရခိုင် နှင့် အခြားတိုင်းရင်းသားများ ဖြစ်ကြပါသည်။ ကရင်နီ ခေါ် ကယားဒေသမှာ သီးခြား လွတ်လပ်သောဒေသ ဟု ဗြိတိသျှ ကသတ်မှတ်ထားသောဒေသဖြစ်ပါသည်။

သို့ဖြစ်ပါသဖြင့် ဥပဒေကြောင်းလမ်းအရ ဆိုလျင် ဗမာပြည်မ အတွင်းတွင်နေထိုင်ကြသော တိုင်းရင်း သားအားလုံး ကို ဗိုလ်ချုပ်အောင်ဆန်း က ပင်လုံညီလာခံတွင် ကိုယ်စားပြုကာတက်ရောက်ခဲ့ သည့် အပြင် ယင်းပင်လုံစာချုပ် ကိုလည်း ၄င်း တိုင်းရင်းသား အားလုံး ကိုယ်စား လက်မှတ်ရေး ထိုးခဲ့ခြင်းဖြစ်ပါသည်။

ဂျူလိုင် လ ၂၈ မှ ၃ဝ အထိကျင်းပခဲ့သည့် မိုင်ဂျားယန် အစည်းအဝေးကို တက်ရောက်ခဲ့ သည့် ကေအင်ယူ ဒုဥက္ကဋ္ဌ နော်ဆေဖေါ်ရော်စိန်အား ကရင် သတင်းစင်တာ မှမေးမြန်းချက် ကိုပြန်လည် ဖြေကြားရာတွင် မိမိ၏ ပါတီသည် အခြားတိုင်းရင်းသားများ နည်းတူ ပင်လုံ လက်စွဲ စာအုပ် တွင်ပါရှိသည့် လမ်းညွှန်ချက် တို့ ကိုသဘောတူ လက်ခံကြောင်း၊ ပင်လုံသည် ရှမ်း၊ချင်း၊ကချင် တို့ နှင့် တိုက်ရိုက် ပတ်သက်ခဲ့သော်လည်း အခြား တိုင်းရင်းသားတို့ အတွက် ပါ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်၊ ဒီမိုကရေစီ ရေး၊ တန်းတူရေး အစရှိသည့် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံထူထောင်ရေး ဆိုင်ရာ အချက်အလက် များ ပါရှိသည့် ပင်လုံ စိတ်ဓါတ်ကိုထင်ဟပ်စေကြောင်း အထူးပြုပြော ဆိုသွားခဲ့ ပါသည်။

ထပ်မံဖြည့်စွက်ပြောဆိုရာတွင် ပင်လုံ စာချုပ်သည် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး နှင့် တထပ်တည်း ကျ သဖြင့် ကေအင်ယူ အနေနှင့် သဘောတူလက်ခံပါကြောင်းထွက်ဆိုခဲ့ပါသည်။

ဤရှုထောင့်မှကြည့်လျင် ၁၉၄ရ တွင် ချုပ်ဆိုခဲ့သည့် ဤစာချုပ် အား ပစ်ပယ်ကာ စာချုပ် အသစ် တစ်ခုနှင့် အစားထိုး သင့်သည် ဟူသော အဆို မှာ မဆိုအပ်သော ယျထာဘူတ မကျသော အဆိုပင် ဖြစ်ပါသည်။

ဤစာချုပ်သည် လူမျိုး အုပ်စုများ ပြည်ထောင် များ အတွင်း အခြင်းခြင်း သဘောတူချုပ်ဆို ထားသောစာချုပ် ဖြစ်၍ ယင်းသို့သော စာချုပ်တရပ် အဖြစ်သာသဘောထားရမည်ဖြစ်ပါသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုအောင်မြင် စွာဖေါ် ဆောင် ရာတွင် ဤစာချုပ်အား တစ်ရေ နှိမ့်ခြင်း သေးသိမ်စေခြင်းဖြင့် ကောင်းကျိုး တစ်စုံ တရာ ဖြစ်ထွန်း လာ စရာအကြောင်းမရှိပါ။

စာချုပ်ပါ အချက်ပေါင်း (၉) ချက်တွင် ကချင် နှင့် ရှမ်း ကိစ္စများသာပါရှိခဲ့သည်၊ တိကျ ရှင်းလင်းမှုမရှိ ဟူသည့် အဆိုမှာလည်း ယျထဘူတမကျပေ။ အထူးသဖြင့် ပင်လုံစာချုပ် တခုလုံးကို ပစ်ပယ်ရာ ကျ ပါသည်။

စာချုပ်ပါ အချို့အချက်အလက်တို့သည် ထိုကာလ လတ်တလော အရေးကိစ္စများနှင့် ပတ်သက်နေသည်မှာ အမှန်ပင်ဖြစ်ပါသည်။ အထူးသဖြင့် ကချင်ပြည်နယ် ထူထောင်ရေး၊ ရှမ်းပြည်နယ်၏ ဘဏ္ဍာရေးကိစ္စများ ဖြစ်ပါသည်။ ယနေ့ ကြုံတွေ့နေရသော နိုင်ငံရေး အခက်အခဲများ ကိုဖြေ ရှင်းရန်အတွက် လုံလောက်ပြည့်စုံမှုမရှိဟုဆိုပါက မငြင်း သာပေ။ တရားနည်းလမ်းကျပါသည်။

သို့ပင်ငြားလည်း အရေးကြီး သည့် အပိုင်းများ မှာ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံ ထူထောင်ရေးအတွက် အခြေခံမူ များဖြစ်ကြသော ပြည်နယ်တွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ဘဏ္ဍာရေးကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်၊ ဒီမိုကရေစီရေး၊ တန်းတူရေး ဆိုင်ရာစာချုပ်ပါအချက်အလက်များ ဖြစ်ပါသည်။

အရေးကြီးသည်မှာ ပင်လုံစာချုပ်သည် လူမျိုးများအခြင်းခြင်းအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေ ထိုင်ရေးအတွက် အပြန်အလှန် သဘောတူချုပ်ဆိုထားသော ပဋိညာဉ် စာချုပ်ဖြစ် သည်နှင့် အညီ ဆက်လက်၍ အလေးအမြတ်ထား ကြရမည်ဖြစ်ပြီး သေးသိမ်အောင်။ ပျက်ပြယ်အောင်ပြုလုပ်ရမည့် အရာကိစ္စ တစ်ခု အလျင်း မဟုတ်ပေ။

မကြာသေးမီက အထင်ကရ ရှေ့နေတစ် ဦးလည်း ဖြစ် မြန်မာ့ နိုင်ငံရေး အား အစဉ်တစိုက် လေ့ လာစောင့် ကြည့်သူတစ်ဦလည်းဖြစ်သော ဦးအောင်ထူးက ဖွင့်ဆိုခဲ့သည်များကို  ကောက်နှုတ်ဖေါ်ပြရလျင်

„ လူ့ အဖွဲ့ အစည်းကို အုတ်မြစ်ချသည့် စာချုပ်သည် တခုတည်းသာ ရှိရပါမည်။ သာဓကအားဖြင့် ကမ္ဘာ့ငြိမ်းချမ်ရရေးကို တည်ဆောက်ရန် ဦးတည်ချုပ်ဆိုသော ကုလသမဂ္ဂ ပဋိဥာဉ်စာတမ်း ……

ဆွစ်ဇာလန် အား ပြည်နယ်သုံးခု တို့ စုပေါင်းကာ ပြည်ထောင်စု နိုင်ငံအဖြစ် စတင် တည်ထောင်ခဲ့  သည့် ဖက်ဒရယ်စာချုပ် (Federal Charter) ……

၁၉၆၃ ခုနှစ်တွင် မလေးယား၊ ဆားဘား၊ ဆားရဝပ် နှင့် စင်္ကာပူ တို့ ပူးပေါင်းပြီး မလေးရှား  သဘောတူညီချက်ကို ချုပ်ဆိုကာ မလေးရှားဖက်ဒရယ်နိုင်ငံတည် ဆောက်လာခဲ့သည့် [စာချုပ်] …….” စသည်တို့ ကိုသာဓကများအဖြစ် အခိုင်အမာ မီးမောင်းထိုးပြသွားခဲ့ပါသည်။

ထို့အပြင် ဦးအောင်ထူးက ဆက်လက်ဖေါ်ပြရာတွင် ယင်းစာချုပ်များကို …..

“….. စာချုပ်သစ် ချုပ်ဆိုခြင်းတို့ မပြု သလို၊ မူရင်းစာချုပ်ကို ဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်းလည်း မပြုခဲ့ပါ။ မူရင်းအမည်ကို ထပ်မံသုံးစွဲကာ စာချုပ်ချုပ်ဆိုခြင်းမပြု။ သမိုင်း၏ အမွေအနှစ်ဖြစ်သော ဖက်ဒရယ်စာချုပ် သည် တခုတည်းအနေဖြင့် အမည်ရော အနှစ်သာရပါ မူရင်းအတိုင်း ပင်ရှိနေဆဲဖြစ်သည်။“

ဦးအောင်ထူး က ဆက်လက်ဖေါ်ပြရာတွင် “အခြားရည်ရွယ်ချက်များဖြင့် ၂၁ ရာစုပင်လုံညီလာခံဟူသော အမည်တပ်၍ ဖေါ်ဆောင်ပါက [၂ဝ ရာစု] ပင်လုံ စာချုပ် ကြီး၏ အနှစ်သာရကို ဆန့် ကျင်ရာရောက်မည်ဖြစ်သဖြင့် တိုင်းရင်းသား ခေါင်းဆောင်များ လက်ခံကြဘွယ်မရှိ။ ပင်လုံ အမည် ကို အလွဲသုံးစားပြု ရာလည်း ကျပါမည်” ဟူ၍ သူ၏ စာတမ်းရှည်တွင် ထောက်ပြသွားခဲ့ပါသည်။

သူ၏ အဆိုမှာ ပင်လုံစာချုပ်သည် ယနေ့အထိ တရားဝင်ဆဲဖြစ်သည်။ ဒုတိယ ပင်လုံညီလာခံ အား ခေါ်ယူရန်မလို၊ ဒုတိယ ပင်လုံညီလာခံခေါ်ယူရန်အတွက် မူလာပင်လုံ စာချုပ်ပျက် ပြယ် ကြောင်း၊ ပယ်ဖျက်ကြောင်း ကြေညာ ရမည်ဖြစ်သည်။ သို့မဟုတ်ပါက  ဒုတိယပင်လုံညီလာခံ မှ ရရှိလာသော သဘောတူညီချက်တို့သည် မူလပင်လုံ စာချုပ်နှင့် အပြိုင်တည်ရှိနေပြီး မည်သည့် စာချုပ်က တရားဝင် ဖြစ်သည် ကို ဥပဒေကြောင်းလမ်း အရ  မေးခွန်း ထုတ်စရာဖြစ်လာမည်ဖြစ်သည်။ ဒုတိယ  ပင်လုံညီ လာခံ သို့မဟုတ် (၂၁)ရာစု ပင်လုံညီလာခံ ကျင်းပရန်မလိုပေ။ သူ၏အမြင်အရ ပင်လုံ ဟူသော အမည်နာမကို မသုံးသင့်၊ သုံးမည်ဆိုပါကလည်း ပထမပင်လုံညီလာခံမှ ရလဒ်များကို အကောင်အထည်ဖေါ်ဆောင်ရန်ရည်ရွယ်ချက်ဖြင့် ကျင်းပရမည်၊ သို့မဟုတ်ပါက မေးခွန်းထုတ်စရာ တသီကြီးရှိ လာမည်ဖြစ်သည်။

ရှုထောင့် အမြင် အမျိုးမျိုးရှိနိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ၁၉၄၇ တွင် ရေးထိုးခဲ့သော ပင်လုံစာချုပ်ကို အခြေခံ၍ ပြည်ထောင်စု မြန်မာ နိုင်ငံ (၁၉၄၇) အခြေခံဥပဒေ ပေါ်ပေါက်ခဲ့ပြီး၊ တဆက်ထည်း တွင် ပြည်ထောင်စု   မြန်မာ နိုင်ငံ ဟူ၍ နိုင်ငံသစ်တခုပေါ်ထွန်းခဲ့ခြင်းဖြစ်သဖြင့် ပင်လုံစာချုပ်သည် လူမျိုးများအခြင်းခြင်း အကြား ချုပ်ဆိုခဲ့သည့် မပြုမပြင်ကောင်းသော အထွတ်အမြတ်ထားရမည့် ပဋိညာဉ် စာချုပ် အဖြစ်သဘောထားရပေမည်။

ပင်လုံ ဟူသော အမည်နာမကိုအသုံးပြုသည်ဖြစ်စေ၊ အသုံးမပြုသည်ဖြစ်စေ အချိန်ကာလနှင့် အညီ လိုအပ်သော  ဖြည့်စွက်ချက်များ ကို နဂိုမူလ ပင်လုံ ရည်မှန်းချက်ပန်းတိုင် ကိုမပျောက်မပျက်စေပဲ နိုင်ငံတွင်းမှီ တင်းနေထိုင်ကြ သော ပြည်သူတရပ်လုံး၏ ဆန္ဒ အစစ်အမှန်ကိုထင်ဟပ်သည့် နိုင်ငံ တည်ဆောက်ရေး အဝန်းအဝိုင်းအား ချဲ့ထွင်သွား ရန်အရေးကြီးပါသည်။

စာရေးသူ။ စိုင်းဝမ်းဆိုင်

မူရင်း အင်္ဂလိပ်သာသာမှ ဘာသာပြန်သူ။ ဆလိုင်းကစ်(ပ်)ခိုလျန် (Vansangva.com) 13 August2016

Posted by Vansangva Group

August 16th, 2016 at 11:30 pm

Posted in Back to Panglong

Bogyoke Aung San’s Panglong Spirit

Comment ရေးရန် (no comment)

ကိုအောင်ဆန်းရဲ့ ပင်လုံ စိတ်ဓါတ် နဲ့ တောင်ပေါ်သားတို့ ရဲ့ ပင်လုံကတိကဝတ်

အညာသားလေး ကိုအောင်ဆန်းထူထောင်ခဲ့တဲ့ ပင်လုံပြည်ထောင်စု ရဲ့ အခြေခံအုပ်မြစ် ကို ရဲရဲ ဖွင့်လှစ်ပြီး ကြည့်ကြရအောင်….

ပင်လုံ ရယ်…. ဒီမိုကရေစီရယ် ….ဖက်ဒရယ်ပြည်ထောင်စု ရယ်….ငြိမ်းချမ်းရေး ရယ် …..

ဒီ (၄) ခုကိုဘယ်လိုမှ ခွဲခြားလို့မရဘူးဆိုတာ အထင်အရှားမြင်တွေ့ကြရမှာ ဖြစ်ပါတယ်။

ဒီနေ့ ငြိမ်းချမ်းရေးဖက်ကို ဦးတည်လာကြတဲ့ အချိန်ကာလမှာ ဒီအချက်ဟာပိုလို့တောင် အရေးကြီးလာပါတယ်။

ဒီသမိုင်းဝင် ပင်လုံစာချုပ်ကလေးရဲ့ အနှစ်သဘော ကို ခွဲခြမ်း စိတ်ဖြာပြီး စောကျောကြည့်ကြရအောင်…..

ပင်လုံစာချုပ်ကို အသေအခြာဖတ်ကြည့် ရင် အပိုင်း (၁ဝ) ပိုင်းပါရှိပါတယ်။

ပထမအပိုင်းကတော့ နိဒါန်းတိုကလေးပါ။ ဒီနိဒါန်းတိုလေးရဲ့အနှစ်သဘောကို လိုရင်းတိုရှင်း  ကောက်နှုတ်ဖေါ်  ပြရမယ်ဆိုရင် “ …. ကြားဖြတ်မြန်မာ အစိုးရနှင့် ချက်ခြင်းပူးပေါင်းခြင်းအားဖြင့်၊ ရှမ်းပြည်၊ ကချင် နှင့် ချင်းတို့ သည် လွတ်လပ်ရေး ကို ပိုမို၍ လျင်မြန်စွာ ရရှိလိမ့်မည်ဟု ယုံကြည်ကြည့် အတိုင်း …. အောက်ပါအတိုင်းသ  ဘော  တူကြလေသည်“ တဲ့ .…

ဗြိတိသျှ ရဲ့ ဒုတိယကမ္ဘာ စစ်အပြီး  ၁၉၄၅ ခုနှစ် မှာ ထုတ်ပြန်ခဲ့တဲ့ စက္ကူဖြူ စာတမ်း**အရ ရှမ်း၊ ကချင်၊ ချင်း  ဒေသပြည်တွေ က ဗမာနဲ့အတူ လွတ်လပ်ရေးကို ချက်ခြင်းမယူသေးပဲ ဗမာပြည်မနဲ့ ပူးပေါင်းချင်ရင် လည်း မိမိ တို့ ဆန္ဒ အလျောက် နောင်တချိန်ကျမှ ပူးပေါင်းရန်ဆို ပြီးမူဝါဒသဘောထား ကိုထုတ်ပြန်ကြေငြာ ခဲ့ပါတယ်။ ဒီ စီမံကိန်း ကပြဋ္ဌာန်းထားတာက တောင်တန်းဒေသတွေကိုဘယ်အချိန်မှာ လွတ်လပ်ရေပေးမယ်ဆိုတဲ့ အချိန်      ကာလအားဖြင့် မရေ ရာ မသေခြာ တဲ့ ဗြိတိသျှရဲ့ မူဝါဒသဘောထားဖြစ်ပါတယ်။

ပင်လုံစာချုပ် ရဲ့ နိဒါန်း တို  လေးဟာ တောင်တန်းသားတွေက ဗမာ နဲ့ တန်းတူရည်တူ ပူးပေါင်းပြီး လွတ်လပ်  ရေး  ကို တပြိုင်နက်ထဲ ချက်ခြင်း အရ လိုချင်တာ ကိုဖေါ်ပြ ထားတာ ဖြစ်တယ်။ တနည်းအားဖြင့်  စစ်ပြီးခေတ်        ဗြိတိသျှရဲ့ စက္ကူဖြူ မဟာစီမံကိန်းကြီးကို ဟောဒီပင်လုံစာချုပ်ရဲ့ နိဒါန်းတိုလေး နဲ့ ကို အဟောသိကံ အဆုံး သတ်လိုက်တာဖြစ်ပါတယ်။

လွတ်လပ်ရေး၊ တန်းတူရေး ဆိုတဲ့ ဒီမိုကရေစီရဲ့ အခြေခံတရားတွေဟာ ဟောဒီ ပင်လုံ စာချုပ်ရဲ့ နိဒါန်း တိုလေး ထဲမှာ အခိုင်အမာ ပါရှိနေပါတယ်။ ဗမာနဲ့ ပူးပေါင်းရာ မှာ လည်း ဗမာရဲ့ ကျွန်လူ မျိုး၊ ဗမာပိုင် ပိုင် ကျွန်နိုင်ငံတွေ အဖြစ်ပူးပေါင်းချင်တာမဟုတ်ပဲ ညီရင်းအစ်ကိုပမာဂုဏ်သိက္ခာရှိရှိ စစ်မှန်တဲ့ ပြည်  ထောင်စု နိုင်ငံထဲမှာ တန်းတူ              ရည်တူ ပူးပေါင်း ချင်တာဖြစ်တယ်။

ဒီနိဒါန်းတိုလေးမှာ ကျစ်ကျစ်လစ်လစ် ဖေါ်ပြထားတဲ့ ပင်လုံရဲ့ ဒီမိုကရေစီ အနှစ်သာရေတွေ လွတ်လပ်ရေး၊ တန်းတူရေး တွေ ကိုပဲ တခါ ပီပီပြင်ပြင်ဖြစ်အောင် ပင်လုံစာချုပ်ပါ တခြားစာပိုဒ် တွေထဲမှာ အညာသားလေး ကိုအောင်ဆန်း နဲ့ တောင်တန်းသား ခေါင်းဆောင်တွေက အတူတကွဆက်လက်ပြီး ပုံဖေါ်သွားကြတာဖြစ်ပါ တယ်။ ဒီလိုပုံဖေါ်နိုင်လို့ပဲ တစည်းတလုံးထဲ ဖွဲ့စည်းထားတဲ့  ခေတ်သစ်ပြည်ထောင်စု ကိုထူထောင်နိုင်ခဲ့ကြ တာဖြစ်ပါတယ်။ အဲဒီလို စည်းလုံးတဲ့ ခေတ်သစ်ပြည်ထောင်စုကြီး ကိုအောင်အောင်မြင်မြင်နဲ့ ထူထောင်နိုင်ခဲ့ကြ တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွသောတောင်တန်းသားခေါင်းဆောင်တွေ ကိုသမိုင်းမှာ founding fathers များအဖြစ်လေးစားဂုဏ်ပြုကြရမှာဖြစ်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စု ကိုကမ္ဘာမှာ ပထမဦးဆုံး ထူထောင်ခဲ့ ကြတဲ့ အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ဖြစ် နောက်မှပေါ်ပေါက်လာတဲ့ ဘယ်ပြည်ထောင်စုမှာ ဖြစ်ဖြစ် သူတို့ ရဲ့ပြည်ထေင်စုကိုစတင်ထူထောင်ခဲ့ကြတဲ့ founding fathers တွေကို လေးစားဂုဏ်ပြုကြတာချည်းပါပဲ။  ပေါက်လွတ်ပဲစား သေးသိမ်အောင် မလုပ်ဘူးကြပါဘူး။

ဒုတိယ ကမ္ဘာ စစ်ကြီး အဆုံးသတ်သွားတဲ့ ကာလမှာ ကမ္ဘာတဝှမ်း ဒီမိုကရေစီရေး၊ နိုင်ငံရေး နိုးကြားမှု အရှိန်အ ဟုန်တွေ ဟာ တားမနိုင်ဆီးမရလောက်အောင် မြင့်တက်နေပြီး ပြည်တွင်းပြည်ပ ပရောဂ မျိုးစုံ ရဲ့ ရိုက်ခတ်မှု  တွေကြောင့် ကမ္ဘာ့တိုင်းနိုင်ငံတော်တော်များများဟာလည်း နှစ်ခြမ်းကွဲသွားခဲ့ကြပါတယ်။

အဲဒီလို အားပြိုင်မှုတွေ များပြားလှတဲ့ စစ်ပြီးခေတ်ကာလမှာ မိမိတို့ နိုင်ငံအသီးသီး ကိုတစည်းတလုံး ထည်း  ဖြစ်အောင်ညီညွတ်ရေး ကို အခိုင်အမာ တည်ဆောက် နိုင်တဲ့  ခေါင်းဆောင်ကောင်းတွေ မရှိခဲ့ ကြတာကရယ်၊ ပြည်တွင်းပြည်ပ ပရောဂတွေရဲ့အားပြိုင်မှု ကို မလွန်ဆန် နိုင်ကြတာ စသည်ဖြင့်  အကြောင်း အမျိုးမျိုး ကြောင့်      နှစ်ခြမ်းကွဲသွားကြတဲ့ နိုင်ငံတွေ က  တော့ ဂျာမနီ၊ ကိုးရီးယား၊ ဗိယက်နမ်၊ အိန္ဒိယ-ပါကစ္စတန်၊ ယီမင်၊ ပါလက်စတိုင်း၊ ဆိုက်ပရပ်(စ်)ကျွန်း စသည်တို့ ဖြစ်ပါတယ်။

ဒီလို နှစ်ခြမ်းဟက်တက်ကွဲသွားကြတဲ့ နိုင်ငံတွေထဲမှာ ဂျာမနီ နဲ့ ဗိယက်နမ် နိုင်ငံတွေဟာ မကြာသေး ခင်ကာလကပြန်လည်ပူးပေါင်းသွားကြပေမဲ့ ကျန်နှစ်ခြမ်းကွဲနိုင်ငံတွေမှာတော့ တင်းမာမှုတွေ အတော      မသတ်နိုင်ကြသေးပါဘူး။

ဒီလိုကမ္ဘာ့ နိုင်ငံရေးအခင်းကျင်းတွေကြားမှာ ဗြိတိသျှရဲ့ စက္ကူဖြူ စီမံကိန်းကတမှောင့်၊ တောင်တန်း သားတွေ ရဲ့လိုအင်ဆန္ဒ နဲ့ စိုးရိမ်စိတ်တွေကလည်း တဖက်၊ အညာသားလေးဗိုလ်ချုပ်အောင်ဆန်း ဟာခက်ခဲနက်နဲတဲ့ တစည်းတလုံးထည်း လွတ်လပ်ရေး ကိုအရယူရေး ဆိုတဲ့ နိုင်ငံရေးပုစ္ဆာ ကို သူ့ ရဲ့ကြီးမားတဲ့ နိုင်ငံရေး အမျှော် အမြင်၊ ဖြောင့်မတ်တည်ကြည်မှု၊ မှန်ကန်တဲ့စိတ်ရင်းစေတနာ၊ နိုင်ငံရေးရာကျွမ်းကျင်မှု တွေ နဲ့ အတူ စိတ်ရှည်  ရှည်၊ ဇွဲကောင်းကောင်းနဲ့ ကိုင်တွယ်ချည်းကပ်နိုင်ခဲ့တဲ့ အတွက် သမိုင်းတွင်မဲ့ပင်လုံစာချုပ်ကို အားလုံးသဘော တူလက်မှတ် ရေးထိုးနိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ရဲ့ပင်လုံစိတ်ဓါတ်

အညာသားလေး ကိုအောင်ဆန်း (ဒါမှမဟုတ်) ခေတ်သစ် ပြည်ထောင်စု မြန်မာ နိုငံ ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်  အောင်ဆန်း ကပင်လုံမှာ ဘယ်လိုသမိုင်းအမွေအနစ်တွေ ချန်ထား ခဲ့သေးသလဲ ဆက်လက်တူး ဖေါ်ကြည့် ကြရအောင်။

အပိုဒ် ပေါင်း(၉) ပိုဒ်ပါ ဝင်တဲ့ ပင်လုံစာချုပ် ထဲမှာ တောင်တန်းဒေသတွေဟာ ….

ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ကို ရာနှုန်းပြည့်ရှိစေရမယ် ဆိုတာ အပိုဒ် (၅) မှာ ပါရှိပြီး

ရှမ်း၊ချင်း၊ကချင်  ဒေသပြည်တို့ဟာ ဘဏ္ဍာ ရေးကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ရှိရမယ် ဆိုတဲ့ အချက် ကို အပိုဒ် (ဂ) နဲ့ (၉) တွေမှာ အခိုင်အမာ ကဗျည်းထိုးပြီးအာမခံထားပါတယ်။

ဒီအပိုဒ် သုံး ပိုဒ် ကတော့ ရှမ်း၊ ကချင် နဲ့ ချင်း ဒေသပြည် တွေဟာ ထူထောင်လတ္တံ့သော  ခေတ်သစ်ပြည်                ထောင်စု ကြီး  ထဲကို မိမိတို့ရဲ့ လွတ်လပ်သော ဆန္ဒ အလျောက် ပါဝင်ပူးပေါင်းရာမှာ မိမိတို့ရဲ့ သဘာဝအရ  နဂိုရှိရင်းစွဲ အမျိုးသားအခွင့် အရေး (intrinsic natural rights) တွေဖြစ်တဲ့ လွတ်လပ်မှု၊ တန်းတူမှု တွေကို အာမခံ ချက်ရှိစေဖို့ အတွက် သူတို့ ရဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ဘဏ္ဍာရေး ကိုယ်ပိုင်ပြဋ္ဌာန်း ပိုင်ခွင့် တွေ ကို အညာသားလေး ကိုအောင်ဆန်းကိုယ်တိုင် က အပြည့်အဝ အသိအမှတ်ပြု ပြီး သဘောတူ ထည့် သွင်း ထားခဲ့တဲ့ ပြည်ထောင်စု ရဲ့အခြေခံ မူတွေ ပဲ ဖြစ်ပါတယ်။

နောက်အပိုဒ်တခု အထူးပြုပြီးဖေါ်ပြလိုတာကတော့ အပိုဒ် (ရ) မှာ “တောင်တန်းဒေသရှိပြည်သူတို့ သည်ဒီမို ကရေစီ တိုင်းပြည်များတွင် အခြေခံများ နှင့် ရပိုင်ခွင့် များကို ရရှိခံစားစေရမည်“ ဆိုတဲ့အပိုဒ် တိုကလေးပါပဲ။

ဒီအချက် ကိုဘာဖြစ်လို့ နောက်ဆုံးမှာ ထားပြီးအထူးပြုဖေါ်ပြရသလဲဆိုတော့ဒီအပိုဒ်ကလေးရဲ့ထူးခြားချက်    ဟာ အထက်မှာဖေါ်ပြခဲ့တဲ့ ပြည်ထောင်စုဆိုင်ရာ အခြေခံမူတွေနဲ့ တင် ဗိုလ်ချုပ်အောင်ဆန်း က မထားခဲ့ပဲသူ ကိုယ်တိုင်က သူ့ရဲ့စီတ်ရင်းစေတနာ နဲ့ ကြီးမားတဲ့ နိုင်ငံရေး အမျှော်အမြင် အရ ထပ်မံ ဖြည့်စွက် ထည့်သွင်း ခဲ့တာဖြစ်ပါတယ်။[ကျမ်းကိုး။ ဦးဖေခင် ၏ ၁၉၇၂ ခုနှစ် ပြည်ထောင်စု နေ့ Guradian သတင်းစာ အချပ်ပို တွင်ဖေါ်ပြချက်။]

ဒါကလည်း ဗိုလ်ချုပ်အောင်ဆန်းက  သေနပ်တချက်မဖေါက်၊ သွေးမြေတစက်မကျစေပဲ ငြိမ်းချမ်းသောသံတမန် နည်းနဲ့ ပြည်ထောင်စုကြီးကိုထူထောင်ခဲ့ရာမှာ ဗမာနဲ့အတူတောင်ပေါ်သားတွေ ငြိမ်းငြိမ်းချမ်းချမ်း ချစ်ချစ်ခင်ခင်  နဲ့ ရာသက်ပန်ပေါင်းသင်းနေထိုင်သွားကြမဲ့ ပြည်ထောင်စုကြီး အဖြစ် ထာဝစဉ် သမိုင်းတွင်ကျန်ရစ်ခဲ့ ဖို့အ တွက် ပင်လုံမှာ ဋ္ဌာပနာ ထား ခဲ့တဲ့ ဗိုလ်ချုပ်ရဲ့ ချစ်ခင်လေးစား ဖို့ကောင်းတဲ့ “ပင်လုံစိတ်ဓါတ်“ ပဲ ဖြစ်ပါ တယ်။

လွတ်လပ်ရေးရ ရင်ပြီးရော၊ တောင်ပေါ်သားတွေကိုခဏတဖြုတ်ညာထားလိုက်မယ်၊ တနေ့ ကျရင် ဒီစာချုပ်ကို စုတ်ဖြဲပစ်လို့ရတယ်ဆိုပြီး တောင်ပေါ်သားတွေ  ကိုယာယီသဘော နှစ်သိမ့်ထားဖို့၊ လိမ်ဖို့ညာဖို့တနပ်စားဥာဏ် မျိုး နဲ့ပေါက်လွတ်ပဲစားထည့်သွင်းခဲ့တဲ့ စာပိုဒ်မဟုတ်ဘူးဆိုတာကို အညာသားလေး ကိုအောင်ဆန်းရဲ့ ငယ်ဘဝ ကစ နောက်ဆုံးလုပ်ကြံခံခဲ့ရတဲ့အချိန်အထိသူ့ရဲ့အထ္ထုပ္ပတ္တိ တွေမှာ ထပ်ခါတလည်းလည်းတွေ့မြင်ကြရတဲ့ သူ့ရဲ့        ကြီးမားတဲ့ သမာဓိဂုဏ်တွေ နဲ့ သက်သေထူလို့ရပါတယ်။

ဒါ့အပြင် ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ (ဂ) ရက်နေ့ မှာ ပင်လုံ ကိုရောက်လာတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခရီး  ရောက်မစိုက်  ပြောကြားတဲ့မိန့် ခွန်းမှာ ပြောသွားခဲ့တဲ့ စကား အရ လည်းသက်သေထူနိုင်ပါသေးတယ်။ ခရီးရောက်မစိုက် အမောတောင်မပြေသေးခင်မှာ အညာသားလေး ကိုအောင်ဆန်းက ဘယ်လိုမိန့်ခွန်းခြွေ ခဲ့သလဲ ကြည့်ရအောင်၊ ကောာ်နှုတ်ဖေါ်ပြပါမယ်…..

“…..ဗမာနဲ့ပူးပေါင်းပါဟုလည်း မတိုက်တွန်းနိုင်၊ မပူးပေါင်းပါ နှင့် ဟုလည်းမပြောနိုင်ကြောင်း၊ ပေါင်းဖို့ မပေါင်းဖို့       ဆုံးဖြတ်ရန်မှာ တောင်ပေါ်သား ကချင်၊ ချင်း၊ ရှမ်း တို့၏ တာဝန်သာဖြစ်ကြောင်း၊ ပူးပေါင်းရန်မပူးပေါင်းရန် တောင်ပေါ်သားတို့၏ ဆန္ဒကို သိလိုကြောင်း၊ အကယ်၍ ပူးပေါင်းလို က တောင်ပေါ် သားများ မနစ်နာစေရန် စာချုပ်ပြုလုပ်လက်မှတ်ရေးထိုးရန်မိမိလာရောက်ကြောင်း၊ မိမိနှင့်အတူဖဆပလအစိုးရမှာ ကမ္ဘာတည်အောင်ခိုင်    မြဲမည် မဟုတ်သည်ကိုသိပါကြောင်း၊ အကယ်၍ ဖဆပလအစိုးရ ပျက်သွားစေကာမူ မိမိတို့ အချင်းချင်း သဘော တူညီချက်ကို မဖျက်နိုင်အောင် ဥပဒေပြုလုပ်ထားမည်ဖြစ်ကြောင်း၊ ထို့ကြောင့်နောင်ရေးအတွက် ဘာ မျှ စိုးရိမ် ကြောက်ရွံ့နေစရာမရှိကြောင်း” ပြောကြားခဲ့ပါတယ်။

ဒီအချက်ကိုကြည့်ရင် ဗိုလ်ချုပ်အောင်ဆန်း ဟာ သူရောဖဆပလ အစိုးရရော ကမ္ဘာတည်သရွေ့မမြဲသည့်တိုင်  အောင် မကြာမီ ချုပ်ဆိုတော့မယ့် ပင်လုံစာချုပ်ကို၎င်း၊ အဲဒီပင်လုံစာချုပ်ကို အခြေခံပြီးရေးဆွဲမဲ့ အခြေခံဥပဒေ ကို၎င်း ကမ္ဘာတည်သရွေ့တည်မြဲ ဖို့ ရည်ရွယ်ခဲ့တာပေါ်လွင်ထင်ရှားနေပါတယ်။

တောင်ပေါ်သားတို့ ရဲ့ ပင်လုံကတိကဝတ်

ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် က တောင်တန်းသားတွေရဲ့ နဂို ရှိရင်းစွဲအခွင့်အရေးတွေ ဒီမိုကရေစီ အခွင့် အရေးတွေ ကိုအ ပြည့်အဝ အသိ အမှတ်လိုက်ခြင်း သည်ပင်လျင်  “ပင်လုံစိတ်ဓါတ်“ ကို သူကိုယ်တိုင် က လက်တွေ့ကျကျ စတင် ပြသလိုက်တာ ဖြစ်ပါတယ်။ သူ့ရဲ့ “ပင်လုံစိတ်ဓါတ်“ ကို တောင်ပေါ်သားတွေ က လည်း ပူးပေါင်းရေး ဆိုတဲ့ ပင်လုံ ကတိကဝတ်နဲ့ တုန့်ပြန်ခဲ့ကြတယ်။

ဒီတော့ ပင်လုံစိတ်ဓါတ်ဆိုတာ ဟာ ပင်လုံစာချုပ်မှာ ပါရှိတဲ့ ထာဝရငြိမ်းချမ်းရေး ကိုဆောင်ကျည်းပေးမဲ့ တန်းတူ မှု၊ လွတ်လပ်မှု ဆိုတဲ့ ပြည်ထောင်စုဆိုင်ရာအခြေခံမူတွေ၊ ဒီမိုကရေစီ အခြေခံတရားတွေ ကို အလေး အနက်၊ နက်နက်ရှိုင်းရှိုင်းနှလုံးသွင်းပြီး ရေးဆွဲခဲ့တဲ့ ပင်လုံစာချုပ်ပါ ကတိကဝတ်တွေ မူဝါဒတွေကနေသာမွေးဖွားရှင်သန်  ခဲ့ တာ ကို အထင်အရှားတွေ့မြင်ရပါတယ်။ ပင်လုံစိတ်ဓါတ်မွေးကြပါ၊ ပင်လုံစိတ်ဓါတ်သာ အရေးကြီးပါတယ်၊ ပင်လုံစိတ်ဓါတ်သည်သာ ပိုပြီး အဓိကကျပါတယ် လို့ အညာသားလေးကိုအောင်ဆန်း ကပြောလိုက်လို့  ပင်လုံ စိတ်ဓါတ်ဆိုတာ မိုးပေါ်ကနေ ပြုန်းစားကြီး ကျလာတာမဟုတ်ပါဘူး။

ဒီထက်ပိုအရေးကြီးတဲ့ အချက်ကတော့ ဒီမိုကရေစီ ရဲ့အနှစ်သာရသဘောအရ အများစုကဆုံးဖြတ်တယ်၊ အ များစုကအုပ်ချုပ်တယ်လို့ ယေဘုယျ နားလည်နိုင်ပေမဲ့ အနှစ်အားဖြင့်ပြည့်စုံအောင်ဆိုရင်အဲဒီအများစုက လည်း အနည်းစုအခွင့်အရေ ကိုလေးစားရတာဖြစ်ပါတယ်။

အထူးသဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံလို လူမျိုးစုံနေထိုင်   တဲ့ နိုင်ငံမျိုးမှာ အများစု ဖြစ်တဲ့ ဗမာ တိုင်းရင်း သားတွေက အရှေ့ကနေဦးဆောင်ပြီး အဲဒီဒီမိုကရေစီရဲ့အခြေခံအနှစ်သာရသဘောကို နှစ်နှစ်ကာကာ ယုံ ကြည်  ပြီး ရင်ဝယ်ပိုက် ကျင့်သုံးအကောင်အထည်ဖေါ်နိုင်မှသာ တိုင်းပြည်ဟာ ထဝရငြိမ်းချမ်းပြီး သာယာတဲ့ စစ်မက်တွေ ကင်းစင်တဲ့ ပြည်ထောင်စုကိုထူထောင်နိုင်ကြမှာ ဖြစ်တယ်။

ဒီမိုကရေစီ ကိုပြည်ထောင်စု ပုံစံနဲ့ ပုံဖေါ်ရာမှာ အများစုနဲ့အနည်းစု အကြားတရားမျှတမှု ရှိရေးနဲ့တင်မပြည့်  စုံသေးပါဘူး။  တန်ဘိုး ထားမှုတွေ (values) တွေ တူညီ ဖို့လည်းလိုပါသေးတယ်။  ဗိုလ်ချုပ်အောင်ဆန်းက ဒီမိုကရေစီ ကိုတွေးခေါ်ရာ မှာ အများစု၊ အနည်းစုအခွင့်အရေးတွေအပြင် အထူးအရေးကြီးတဲ့ ဘုံတူညီတဲ့တန် ဘိုး ထားမှု (common values) အပိုင်းကို အလေးအနက် ထားခဲ့တယ် ဆိုတာကို ပင်လုံစာချုပ် ကိုရေးဆွဲရာမှာ သူကိုယ်တိုင်ထည့်သွင်းခဲ့တဲ့ အဲဒီ အပိုဒ် (ရ) မှာ ထင်ရှားစွာ  တွေ့မြင်ရ ပါတယ်။ ဒါကိုက မြတ်နိုး စရာကောင်း တဲ့ အညာသားလေး ကိုအောင်ဆန်း ရဲ့ ပင်လုံစိတ်ဓါတ် ပါပဲ။

ဒီတော့ ပင်လုံစိတ်ဓါတ် ဆိုတာ အပေါ်ယံသဘော အပြောချည်းသက်သက် နဲ့ ဖြစ်ပေါ်လာတာမဟုတ်ပဲလက် တွေ့ကျကျ နက်နက်ရှိုင်းရှိုင်း တွေးခေါ်မျှော်မြင်မှု ကနေပေါ်ပေါက်လာတာဖြစ်ပြီး၊ ပူးပေါင်းတာသက်သက်ကိုပဲ ကွက်ပြီး ပင်လုံစိတ်ဓါတ်လို့အဓိပ္ပါယ်ဖွင့်မယ်ဆိုရင်ပြီးပြည့်စုံမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ပင်လုံစိတ်ဓါတ်   ကြောင့်ပူးပေါင်း လာ ကြတာမဟုတ်ပဲ၊ ပူးပေါင်းရေးအတွက် လိုအပ်နေတဲ့ အခြေခံ တန်ဘိုးထားမှုတွေ ကိုအရင် ချေပြဆွေးနွေး ရေးသား သဘောတူညီကြပြီးမှ သာ ပူးပေါင်းလာကြတာဖြစ်တယ်။ တနည်းအားဖြင့် ပင်လုံစိတ်ဓါတ်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ဒီမိုကရေစီ နဲ့ဆက်နွှယ်တဲ့ တန်ဘိုးတွေကိုအလေးထားမှု ကနေဖြစ်ပေါ်လာတာဖြစ် ပါတယ်။ အဲဒီအပေါ် မှာ တောင်ပေါ်သားတွေက ယုံကြည်မှုရှိရှိနဲ့ လွတ်လပ်ရေး ကိုအတူတကွရယူမယ်ပူးပေါင်း မယ်ဆိုတဲ့ ကတိကဝတ် ကိုပေးခဲ့ကြတာဖြစ်တယ်။ တနည်းအားဖြင့်အဲဒီတောင်                     ပေါ်သားတွေရဲ့ ကတိ ကဝတ် ဆိုတာကလည်း ပင်လုံမူ တွေပေါ်မှာ အခြေခံပြီးဖြစ်ပေါ်လာတာဖြစ်တယ်။

ပင်လုံစိတ်ဓါတ် ကိုအခြေခံပြီး ပင်လုံမူဆိုတာပေါ်ပေါက်လာတယ်၊ ပင်လုံမူ ကိုအခြေ ခံပြီး ပူးပေါင်ရေးး ဆိုတဲ့ ပင်လုံကတိကဝတ်ဆိုတာပေါ်လာတာဖြစ်တယ်။ မရေရာမသေခြာတဲ့ စီတ်သန္တာန် အ ဆင့်မှာ သာရှိသေးတဲ့ (subjective thinking) သာဖြစ်တဲ့ ပင်လုံစိတ်ဓါတ်ကနေ ပူးပေါင်းရေးဆိုတာ တမဟုတ်ခြင်းဖြစ်ပေါ် မလာနိုင်  ပဲ၊ အဲဒီစိတ်ဓါတ်အခြေခံနဲ့ရေးဆွဲလိုက်တဲ့ ပကတိသဘော လက်စုတ်လက်ကိုင်ပြလို့ရတဲ့ ပင်လုံမူဝါဒကို အခြေ ခံပြီး သာလျင် ပူးပေါင်းရေးဆိုတာဖြစ်ပေါ်လာတာဖြစ်ကြောင်း အကောင်းမြင်ဝါဒအခြေခံပြီး အပြုသဘော  ဆောင် ဆွေးနွေးတင်ပြလိုက်ပါတယ်။

အချုပ်အားဖြင့်  ပင်လုံ ရယ်…. ဒီမိုကရေစီရယ် …. ဖက်ဒရယ်ပြည်ထောင်စု ရယ်….ငြိမ်းချမ်းရေး ရယ် …..

ဒီ (၄) ခုကိုဘယ်လိုမှ ခွဲခြားလို့မရဘူးဆိုတာ ပေါ်လွင်ထင်ရှားလှပါတယ်။

ပင်လုံကိုရဲရဲကြီးကြည့်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြမှ သာလျင် ငြိမ်းချမ်းရေးကို အခိုင်အမာ တည်ဆောက် နိုင်ကြမှာဖြစ်ပါတယ်။ တဦးနဲ့ တဦးလေးစားလို့ အားနာလို့ ငြိုငြင်မှာ ကြောက်လို့ဆိုပြီး၊ မဆွေးနွေးရဲ မကြည့်ရဲ မကိုင်တွယ်ရဲ ဆိုတာမျိုးနဲ့ စခမ်းသွားနေလို့ကတော့တိုင်းပြည်ရဲ့ အနာဂတ်ကံကြမ္မာ ကို နောင်မျိုးဆက်ပေါင်း  မြောက်မြားစွာအထိ အာမခံဖို့မဖြစ်နိုင်ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောဆို တင်ပြဆွေးနွေးလို့ အငြိုငြင်ခံရ တာ ထက် မပြောမိမဆိုမိလို့ လိုရာမရောက်ပဲ ငြိမ်းချမ်းရေးခရီးစဉ် မှာ အဖုအထစ်တွေဖြစ်ပြီး ဆင်ပြောင်ကြီး အမှီးရောက်မှ တစ်နေခဲ့ရင် ပိုပြီး အပစ်ကြီးပါတယ်၊ ပိုပြီး တောင်ကြောက်စရာကောင်းပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ကို မလိုတမာ အပြင် ပရောဂ သမားတွေက လုပ်ကြံပြီး ပင်လုံ ကို ခွဲထွက်ရေး အိုးမဲသုတ် ထားကြလို့လည်းကြေက်စရာမလိုပါဘူး၊ ဒီအုပ်စုဟာ ဖက်ဒရယ်ကိုတောင်ခွဲထွက်ရေး အိုးမဲသုတ်ခဲ့ကြသေး တာ        ပါ၊ ရေရှည်မှာမအောင်မြင်ပါဘူး၊ အမှန်တရားဟာဖုံလို့ဖိလို့မရပါဘူး၊ ဒီနေ့ ပြည်သူတရပ်လုံးက ဖက်ဒရယ်ဆို တာ ပူးပေါင်းရေး လို့ အမှန်အတိုင်း သိရှိနားလည်းလာကြပါပြီ။ ပင်လုံဆိုတာဟာလည်း ပူးပေါင်းရေး စာချုပ်ဖြစ်   ကြောင်းသမိုင်း အထောက် အထားတွေ ခိုင်ခိုင် မာမာ ရှိနေပါတယ်၊ ဒါကြောင့်လည်း ပင်လုံစာချုပ်ကိုရေထိုး ခဲ့ကြတဲ့ ဖေဖေါ်ဝါ ရီလ (၁၂) ရပ် ကို ပြည်ထောင်စုနေ့ လို့ သတ်မှတ်ထားတာဖြစ်တယ်၊ ခွဲထွက်ရေးနေ့ ဆိုတာလည်းမကြားဘူး ကြပါဘူး။

အမှန်တကယ်တော့ အညာ သားလေး ကိုအောင်ဆန်းကိုယ်တိုင် ဦးဆောင်ပြီး ပင်လုံမှာ တောင်ပေါ်သားတွေနဲ့ အတူတကွ သဘော တူ လက်မှတ်ရေးထိုးချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ဆိုတဲ့ ကျစ်ကျစ်လစ်လစ် ခိုင်ခိုင်မာမာ ရှိလှ တဲ့ သမိုင်းဝင် စာတန်းတိုလေးဟာ ကျွန်တော်တို့အားလုံးပိုင်ဆိုင်ကြတဲ့ ပြည်ထာင်စုကြီးရဲ့ အခြေခံအုပ်မြစ်ဆို တာ ကို ဘယ်လိုမှ ငြင်းချက်ထုတ်လို့မရပါဘူး။

ပြည်ထောင်စုကြီးရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့ ပင်လုံစာချုပ် ဟာ ဒီနေ့အထိ တရားဝင်အခိုင်အမာ ရှိနေပါတယ်။ ဒီ အခြေခံအုပ်မြစ်မရှိရင် ဖက်ဒရယ်ပြည်ထောင်စု ကိုလည်းထူထောင်လို့မရပါဘူး။ ပင်လုံပြည်ထောင်စုကြီး ဖြစ် ပေါ်လာဖို့အတွက် အညာသားလေး ကိုအောင်ဆန်း စိုက်ထူခဲ့တဲ့ ပင်လုံ ဒီမိုကရေစီမျိုးစေ့ကို အရင်စစ်အာ ဏာရှင် အဆက်ဆက်ကလည်း မထိပါးရဲခဲ့ကြပါဘူး။ ဒီနေ့ဒီအချိန်မှာ လည်း ဒီအခြေခံအုပ်မြစ်ကို နင်းချေဖျက် စီး ပစ်ပယ် ပြီး ပင်လုံနဲ့ဆန့်ကျင်ဖက်တူရူကို ဦးတည်ဖို့ ဆိုတာ ပိုလို့တောင် မသင့်တော်ပါကြောင်း၊ ပင်လုံစာချုပ်ကိုပစ်ပယ်ခြင်း အားဖြင့် ဗိုလ်ချုပ်အောင်ဆန်းနဲ့လမ်းခွဲ လိုက်တာဖြစ်ကြောင်း၊ ပင်လုံမှာ ဗိုလ်ချုပ်  မျှော်မှန်းခဲတဲ့ ငြိမ်းချမ်းတဲ့  ပြည်ထောင်စု ကြီးနဲ့လည်းဝေးသွား နိုင်ကြောင်း တင်ပြဆွေးနွေး လိုက် ပါတယ် ပါခင်ဗျား။

ဆလိုင်းကစ်(ပ်)ခိုလျန်

Vansangva Group

**

Excerpt from Burma White Paper, 9th. May 1945 Part II Statement of Policy Item 6 Page 11

„The administration of the Scheduled Areas, that is the Shan States and the tribal areas in the mountainous fringes of the country, inhabited by the peoples differing in language, social customs and degree of political development from the Burmans inhabiting the central areas, would remain for the time being a responsibility of His Majesty’s Government until such time as their inhabitants signify their desire for some suitable form of amalgamation of their territories with Burma proper.

မြန်မာပြည် စက္ကူဖြူစာတမ်း မေလ (၉)ရက် ၁၉၄၅ အပိုင်း(၂) ပေါ်လီစီကြေငြာချက် အပိုဒ် (၆) စာမျက်နှာ (၁၁) မှကောက်နှုတ်ဖေါ်ပြချက်။  ” …နိုင်ငံ၏ အလယ်ပိုင်းတွင် နေထိုင်ကြကုန်သောမြန်မာလူမျိုးများနှင့် ဘာသာစကား၊ ဓလေ့ထုံးစံ နှင့် နိုင်ငံရေး တိုးတက်မှု တို့တွင် မတူညီသောလူမျိုးများ အခြေစိုက်နေထိုင်ရာ သီးသန့် ဒေသများ ဖြစ်ကြသည့် ရှမ်းနယ်ပယ် များနှင့် မျိုးတူစုများ နေထိုင်ရာ နယ်စွန်နယ်ဖျားတောင်ပေါ်ဒေသများ အုပ်ချုပ်ရေး ကို ယင်းဒေသနေ လူမျိုးတို့ က မြန်မာပြည်မနှင့် သင့်တော်သည့် ပုံစံ ဖြင့်ပူးပေါင်းရန်ဆန္ဒရှိကြောင်းထုတ်ဖေါ်ပြသသည့် အချိန်တိုင်အောင် ဘုရင်ခံ ၏ သီးသန့်အုပ်ချုပ်ရေးအောက်တွင် အခိုက်အတန့်အားဖြင့် ထားရှိမည်ဖြစ်ကြောင်း…”

မှတ်ချက်။ ဤစက္ကူဖြူစာတမ်း သည် စစ်ပြီးခေတ် မြန်မာပြည်၏ အုပ်ချုပ်ရေး ကို တဆင့်ပြီးတဆင့် ဆောင်ရွက် သွားရန် ဗြိတိသျှ လီမန်တွင် ၁၇-၅-၄၅ ရက်နေ့တွင် တင်သွင်းအတည်ပြု ခဲ့သောအုပ်ချုပ်ရေး စီမံကိန်း ဖြစ်ပြီး အန္ဒိယ နိုင်ငံ ဆင်းမလားတွင် စစ်ပြေး မြန်မာအစိုးကရေးစွဲ ခြင်းဖြစ်သဖြင့်   “ဆင်းမားစီမံကိန်း” ဟုလည်း ခေါ် တွင်သည်။

ပင်လုံ စာချုပ် နဲ့ ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးချက် ကိုတော့ အောက်ပါ လင့် တွင် ဆက်လက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

http://vansangva.com/vansangva-library/#1

Posted by Vansangva Group

August 24th, 2016 at 9:47 pm

Posted in Back to Panglong