Basic Democracy Training – Burmese Version by Salai Kipp Kho Lian

အေသင်မြို့ နိုင်ငံမှာ တိုက်ရိုက်ဒီမိုကရေစီ ပေါ်ပေါက်လာပုံ သမိုင်းအကျဉ်း – အပိုင်း(၄)

with 2 comments



အေသင်ရဲ့ လူ (၅၀၀) ပါဝင်တဲ့ မြို့အုပ်ချုပ်ရေး ကောင်စီ

အပိုင်း (၁) မှာ ဖေါ်ပြခဲ့သလိုပဲ ကလေ့စ်သနစ်ဟာ လူ ၅၀၀ ပါဝင်တဲ့ မြို့ကောင်စီကို ဖန်တီးခဲ့ပြီး အေသင်မြို့ကို အုပ်ချုပ်စေခဲ့ပါတယ်။ အဲဒီကောင်စီမှာ အသက် ၃၀ ပြည့်ပြီးသူ မြို့သား ယောက်ျား မည်သူမဆို အနည်းဆုံ တနှစ် သက်တမ်း အတွင်း မြို့အုပ်ချုပ်ရေး တာဝန်ကို ထမ်းဆောင်စေပါတယ်။ ဒီနည်းနဲ့ မြို့သားတိုင်းဟာ အသက်ပြည့်လာရင် တသက်မှာ အနည်းဆုံး တကြိမ်တော့ မြို့အုပ်ချုပ်ရေး တာဝန်ကို အဲဒီကောင်စီမှာ ပါဝင်ခွင့်ရှိလာမှာ ဖြစ်တယ်။ ဘာလို့လည်း ဆိုတော့ မြို့ကောင်စီကို ရွေးချယ်ရာမှာ လူမထပ်အောင် စနစ်တကျ စီစစ်ပြီး မဲနှိုက် ရွေးကောက်စေတာကြောင့်ဖြစ်ပါတယ်။ နောက်ပြီး အေသင် ဒီမိုကရေစီရဲ့ ဖွဲ့စည်းပုံအရ လူတဦးဟာ သူ့တသက်မှာ နှစ်ခါထက် ပိုပြီး ဒီမြို့ကောင်စီမှာ တာဝန်ထမ်းဆောင်ခွင့် မပေးပါဘူး။ အဲဒီတော့ မြို့သားတိုင်း သူ့အလှည့်နဲ့သူ အုပ်ချုပ်ရေးမှာ ပါဝင်လာခွင့် ရှိအောင် အာမခံထားတာဖြစ်တဲ့ အပြင်၊ လူတန်းစားတခုခု၊ မျိုးနွယ်စု တခုခုက အမြဲတမ်း ကြီးစိုး ချယ်လှယ်တဲ့ သဘောမျိုး မရှိအောင် အာမခံထားတာ၊ ကာကွယ် ထားတာဖြစ်တဲ့ အတွက် မြို့သားတိုင်းရဲ့ တန်းတူမှု၊ လွတ်လပ်မှု အစရှိတဲ့ ဒီမိုကရေစီ အခွင့်အရေးတွေ ကို မဆုံးရှုံး ရလေအောင် အဲဒီလို အာမခံ ထားတဲ့ အေသင်မြို့ရဲ့ ဖွဲ့စည်းပုံဥပဒေ အောက်မှာ မြို့ရဲ့ စည်းလုံးညီညွတ်မှု ဟာလည်းပဲ အမြဲတမ်း ခိုင်မာနေမယ် ဆိုတာ ယုံမှားစရာ မရှိတော့ပါဘူး။ Cleisthenes ရဲ့ ယူဆချက်ကတော့ ဒီနည်း အားဖြင့် လူတစုကသာ နိုင်ငံရေး အတွေ့အကြုံတွေကို ရရှိပြီး နိုင်ငံ့ အရေးကို သူတို့သာ လုပ်တတ်တယ် တခြားလူတွေက ငတုံးငအ တွေမို့ နိုင်ငံ့အရေး နဲ့ ပတ်သက်လာရင် ဘာမှ နားမလည်ဘူး ဆိုတာမျိုး၊ လူတစု ကသာ အမိန့်ပေးတဲ့ လူတစု နိုင်ငံရေး မဟုတ်တော့ပဲ လူတိုင်းဟာ နိုင်ငံရေး အတွေ့ အကြုံတွေကို တန်းတူ ညီတူ တိုက်ရိုက်ကျကျ ရရှိလာနိုင် ကြမယ်လို့ ယုံကြည်တာ ဖြစ်ပါတယ်။ အဲဒီလို လူတဦးချင်းဆီရဲ့ ပုဂ္ဂလ္လိက အကျိုးစီးပွားနဲ့ ဆက်နွှယ်ထားတဲ့ တိုက်ရိုက် ဒီမိုကရေစီ စနစ်အောက်မှာ နေရတဲ့ နိုင်ငံသားတွေဟာ ဘယ်သူကမှ ဒီစနစ်ကြောင့် နစ်နာ ဆုံးရှုံးတာ မရှိနိုင်တဲ့ အတွက် ဒီစနစ် ခိုင်မာ သထက် ခိုင်မာရေးကိုသာ နှလုံးသွင်းပြီး ဒီစနစ်ကို ဖျက်လိုဖျက်စီးလုပ်ဖို့ ကြံရွယ်တာ၊ ကိုယ်ထိ လက်ရောက် လုပ်ဆောင် ကြိုးပမ်း တာမျိုး မရှိနိုင်ဘူးလို့ ကလေ့စ်သနစ် က ယုံကြည် ယူဆတယ်။

ကလေ့စ်သနစ် ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေဟာ အရင်က မင်းဆိုး မင်းညစ်တွေ တဗိုလ်ဆင်း တဗိုလ်တက်ပြီး
ပြုပြင်ပြောင်းလဲရေးတွေ လုပ်ခဲ့တာနဲ့ လုံးလုံးလျားလျား ကွာခြားသွားပါတယ်။ ဘယ်သူမှ မလုပ်ခဲ့ဘူးတဲ့ အပြောင်းအလဲတွေ ဖြစ်တဲ့အတွက် အေသင်လူ့ အဖွဲ့အစည်းကို အခြေခံကစ လှန်လှော်ပြီး တော်လှန် ပြောင်းလဲမှု ပြစ်လိုက်တာဖြစ်တယ်။ အဲဒီ တော်လှန်ပြောင်းလဲမှုထဲမှာ အရေးပါတဲ့ အချက်တခု ကတော့ ကလေ့စ်သနစ် ဟာ နဂိုရှိရင်းစွဲ၊ Solon ဖန်တီးခဲ့တဲ့ လူတန်းစား ၄ ရပ်ကို ဖျက်သိမ်းပြီး အေသင်မြို့သားတွေကို မျိုးနွယ်စု (၁၀) ခုအဖြစ် ခွဲလိုက်တာဖြစ်တယ်။ Solon အုပ်ချုပ်တဲ့ ခေတ် ကာလတုန်းက ပင်လယ်ကမ်းခြေမှာ နေထိုင်တဲ့ လူလတ်တန်းစား တွေနဲ့ လယ်သမားတွေက သူ့ရဲ့ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုခဲ့ကြပေမယ့် ကုန်းတွင်းပိုင်း မြေပြန့်ဒေသမှာ နေထိုင်ကြတဲ့ ပဒေသရာဇ် အနွယ်တွေ၊ မြို့စားတွေ၊ လူဂုဏ်တန် အသိုင်းအဝိုင်းတွေ ကတော့ ပဒေသရာဇ်စနစ် ကိုသာ ပြန်လည် ထူထောင် လိုကြပါတယ်။ ကလေ့စ်သနစ် ကတော့ လူတန်းစားတွေနဲ့ ဒေသတွေကို ရောသမမွှေပြီး ဘယ်ဒေသ၊ ဘယ်လူတန်းစားကမှ အပေါ်စီးယူ ဗိုလ်ကျ စိုးမိုးတာမျိုးမရှိ အောင်ဖန်တီးခဲ့ပါတယ်။ ဇယားကိုကြည့်ပါ။ ကလေ့စ်သနစ် ဖန်တီးလိုက်တဲ့ မျိုးနွယ်စု (၁၀) ခုအနက် မျိုးနွယ်စု အုပ်စုဝင်တိုင်း ဟာအေသင်ရဲ့ ဒေသကြီး ၃ ခုစလုံးကို ခွပြီး ခြွဲခားထားတာဖြစ်တဲ့ အတွက် မျိုးနွယ်စုတိုင်းမှာ ဒေသကြီး (၃) ခုစလုံးက လူတွေ ပါဝင်စေတယ်။ အေသင်မြို့သား အားလုံးဟာ ဘာသာကိုးကွယ် ယုံကြည်မှုကလည်း တခုတည်း ဖြစ်နေတဲ့ အပြင် စစ်တိုက်ရာမှာလည်း တပ်ရင်း အလိုက် ခွဲထားတာမို့ နိုင်ငံရဲ့ ဒေသနဲ့ မျိုးနွယ် ဖွဲ့စည်းပုံဟာ အေသင်မြို့ နိုင်ငံ အပေါ်မှာ သစ္စာ စောင့်သိမှုကို တိုးပွားစေပြီး ဒေသစွဲတွေနဲ့ ကွဲပြားတာ၊ ကွဲပြဲတာကိုပါ လျော့နည်းစေမှာဖြစ်တယ်။

နောက်ပြီး မျိုးနွယ်စု (၁၀) ခုအနက် မျိုးနွယ်စု တခုစီ ကနေ လူ (၅၀) စီမဲနှိုက်ရွေးကောက်ထားတဲ့ မြို့အုပ်ချုပ်ရေး ကောင်စီဝင် ၅၀၀ (၅၀x၁၀=၅၀၀) က အုပ်ချုပ်ရာမှာလည်း မျိုးနွယ်စု တခုစီ အလိုက် မဲရထားတဲ့ ကောင်စီဝင် လူ ၅၀ က တနှစ်တာ ကာလအတွင်း (၃၆.၅) ရက်စီ အလှည့်ကျ အုပ်ချုပ်စေတာ ဖြစ်တယ်။ (၃၆.၅) ရက်ဆိုတာ တနှစ်တာ ကာလရဲ့ (၁၀) ပုံ (၁) ပုံဖြစ်တဲ့ အတွက် တနှစ်တာ ကာလအတွင်း မျိုးနွယ်စု (၁၀) မျိုးထဲက မျိုးနွယ်စုတိုင်းက သူ့အလှည့်နဲ့သူ အုပ်ချုပ်သွားရတာ ဖြစ်ပါတယ်။ တကြိမ်ထဲမှာ မျိုးနွယ်စုတိုင်း ကလည်း မြို့တွင်းရယ်၊ ကမ်းခြေရယ်၊ ကုန်တွင်းပိုင်းရယ် ဆိုပြီး ဒေသ ၃ ခု စလုံးမှာ ပါဝင်နေကြပြန်တဲ့ အတွက် ဘယ်မျိုးနွယ်စု ကပဲ မြို့ကို အုပ်ချုပ်ဖို့ အလှည့် ကျကျ ဒေသကြီး (၃) ခုစလုံး ကပါ ပါဝင်နေပြန်တာ ဆိုတော့ ဒေသ တခုခုက အမြဲ ကြီးစိုးနေတာမျိုး၊ ဗိုလ်ကျနေတာမျိုး၊ နိုင်ငံ့ အရေးကို မောင်ပိုင်စီးဖို့ ကုတ်ချောင်းကုတ်ချောင်းနဲ့ တခါးပိတ်ပြီး တတွတ်တွတ်နဲ့ တီးတိုး လှို့ဝှက် ကြိုတင် ကြံစည်တာမျိုး မရှိနိုင်တဲ့ အတွက် မျိုးနွယ်တွေ၊ ဒေသတွေ အကြား အေသင်နိုင်ငံသား အားလုံးတို့ အကြားမှာ အထင်အမြင် လွဲမှားတာ မယုံသင်္ကာ ဖြစ်တာ မျိုးမရှိနိုင်ဘူး။ အခုခေတ်စကားနဲ့ ဆိုရင် ထင်သာ မြင်သာဖြစ်တယ်၊ ပွင့်လင်းမြင်သာတယ် transparency ရှိလာတယ်။ အဲဒီလို transparency ရှိလာတဲ့ အခါကြတော့ အချင်းချင်း အပြန်အလှန် ယုံကြည်မှု တွေကလည်း မြင့်တက်လာတယ်။ အပြန်အလှန် ယုံကြည်မှုတွေ မြင့်တက်လာတာနဲ့ အမျှ နိုင်ငံသား အားလုံးရဲ့ စည်းလုံးညီညွတ်မှု ခွန်အား ကလည်း မြင့်တက်လာတယ်၊ စည်းလုံးမှုခိုင်မာလာတာနဲ့ အမျှ နိုင်ငံ့ အရေးကို နှစ်နှစ်ကာကာ စိတ်ပါ လက်ပါ ဆောင်ရွက်ဖို့ အတွက် လူတိုင်း၊ နိုင်ငံသားတိုင်းက တက်ကြွလာတယ်၊ တိုင်းပြည်နဲ့ လူမျိုးရဲ့ နိုင်ငံရေး အဆင့်အတန်း နိုင်ငံရေး ရေချိန်ဟာလည်းပဲ ဟိုး အရင်က လက်တစုပ်စာ လူနည်းစုက ချယ်လှယ်ခဲ့တဲ့ ခေတ်နဲ့ စာရင် အောက်တန်းမကျတော့ဘူး၊ အဆင့်အတန်းမြင့်လာတယ် …. စသည်ဖြင့် ကောင်းမွန်တဲ့ နိုင်ငံရေး အကျိုးအမြတ် တွေကို တွေ့လာရပါတယ်။

အဲဒါအပြင် အေသင်ရဲ့ တိုက်ရိုက် ဒီမိုကရေစီစနစ်ဟာ အင်မတန် ကောင်းမွန် လာတာနဲ့အမျှ၊ အောင်လည်း အောင်မြင်လာတာနဲ့ အမျှ ဂရိခေါမခေတ် တခြား ဂရိမြို့နိုင်ငံ တော်တော်များများကလည်း အတုယူ လာကြ ပါတော့တယ်။ အဲဒီလိုနဲ့ ဒီမိုကရေစီ အတွေးအခေါ်ဟာ ဂရိ နိုင်ငံ တဝှမ်းမှာ တဖြည်းဖြည်း ပြန့်နှံ့လာ ခဲ့ပါတယ်။ အေသင်ဒီမိုကရေစီရဲ့ ဒီနေ့ခေတ် မျိုးဆက်သစ်တွေ အတွက်ပါ စိတ်ဝင်စား စရာကောင်းတဲ့ သတင်း စကားတွေနဲ့ အရေးကြီးလှတဲ့ သမိုင်း အချက်အလက်တွေကို ဆက်လက် ဆွေးနွေး တင်ပြသွား ပါမယ်။

Posted by Zogamnuam

September 29th, 2012 at 7:29 pm

Posted in Athen History